မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်က (၁၂-၁၂-၂၀၁၆) ရက်မှ စတင်ဖွင့်လှစ်ခဲ့သော ဗေဒါအချောထည်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၁)သင်တန်းဆင်းပွဲအား (၃၁-၁၂-၂၀၁၆)ရက်နေ့ နေ့လည် (၁း၃၀)နာရီတွင် မြောက်ဒဂုံသစ်အခြေခံစက်မှုဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ မြန်မာ့သစ်လုပ်ငန်းမှ အရာရှိကြီးများနှင့် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းကိုယ်စားလှယ်များ၊ အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၂၇)ဦး တက်ရောက်အောင်မြင်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက သင်တန်းဆင်းအမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခြင်း၊ သင်တန်းမှူး ဦးသောင်းအေးက သင်တန်းဖွင့်လှစ်ခဲ့မှုအတွေ့အကြုံများကို ရှင်းလင်းပြောကြားခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှဝေခြင်းစီမံချက်တွင် မြန်မာနိုင်ငံသစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းချုပ်နှင့် အလှူရှင်များက ကျပ်သိန်း ၂၀၀၀ တန်ဖိုးရှိ ကျောင်းသုံးလေ့ကျင့်ခန်းစာအုပ်လှူဒါန်းခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခြင်းနှင့် သြ၀ါဒစကားပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဗေဒါအချောထည်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ရေးကျွမ်းကျင်မှုအခြေခံသင်တန်းအမှတ်စဉ် (၂)အား ၂၀၁၇ခုနှစ်၊ ဇန္န၀ါရီလအတွင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။





